Dos Attack အကြောင်း (၂)
ယခင်ဆောင်းပါးရဲ့အဆက် ....
Server ဟာ အဲဒီလိုမျိုး ၀န်နဲ့အား မမျှတလောက်အောင် Non-Stop Response ပြန်ပေးနေရတာ အချိန်အတိုင်းအတာ တစ်ခုကိုကျော်လွန်သွားခဲ့မယ်ဆိုရင်တော့ လုံးဝ တကယ် Hang သွားပါလိမ့်မယ်။ အဲဒီအခါကျရင်တော့ တကယ့် Client အစစ်တွေ မပြောနဲ့ Attacker ဖန်တီးထားတဲ့ Client အတုတွေဆီကိုတောင် လုံးဝ Response ပြန်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါဟာ DoS Attack ကို စီမံဖန်တီးတဲ့ Hacker အများစုရဲ့ အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်။
DoS Attack ကို တစ်ခါတစ်လေကျရင် နှစ်မျိုးခွဲခြားပြောကြတတ်ပါတယ်။ DoS ( Denial of Services) နဲ့ DDoS ( Distributed Denial of Services ) ဆိုပြီးတော့ပါ။ သူတို့နှစ်မျိုးစလုံးက တိုက်ခိုက်တဲ့ ရည်ရွယ်ချက် နဲ့ တိုက်ခိုက်ပုံနည်းစနစ် တွေမှာ လုံးဝ အတူတူပါပဲ။ ဘယ်မှာကွာသလဲဆိုရင် Attacker တစ်ယောက်ထဲက Client အတုတစ်လုံးထဲနဲ့ တိုက်ခိုက်တာဆိုရင် ဒါမှမဟုတ် IP Address တစ်ခုထဲကနေပဲလှမ်းပြီး တိုက်ခိုက်တာဆိုရင်တော့ အဲဒါဟာ DoS Attack ပါ။
အဲလိုမဟုတ်ဘဲနဲ့ Attacker တစ်ယောက်ထဲကပဲ Client အတုတွေအများကြီး စီမံဖန်တီးပြီး တိုက်ခိုက်တာဆိုရင် ဒါမှမဟုတ် Attacker တွေအများကြီး ( Group တစ်ခုနေဖြင့် ) နေရာအများကြီး ( IP Address ) တွေအများကြီးကနေ တပြိုင်တည်း လှမ်းပြီး တိုက်ခိုက်တာဆိုရင်တော့ အဲဒါဟာ DDoS Attack ပါ။ DDoS Attack ဟာ တိုက်ခိုက်တဲ့ Attacker အနေနဲ့ နည်းပညာပိုင်း ပိုမိုကျွမ်းကျင်သူ ဖြစ်နိုင်တဲ့အပြင် တိုက်ခိုက်ခံရတဲ့ Network အနေနဲ့လည်း ပိုမိုထိခိုက်နိုင်တဲ့ အလားအလာများပါတယ်။
ဘာကြောင့်လဲဆိုရင်တော့ DDoS Attack ဟာ Request လုပ်မယ့် Client အတုအရေအတွက်ဟာ တစ်လုံးထက် ပိုလို့ပါပဲ။ ဒီတော့ Request ပမာဏဟာလည်း DoS Attack ထက်စာရင် အဆပေါင်းများစွာ ပိုမိုများပြားပါတယ်။ Result အနေနဲ့ကတော့ Server အနေနဲ့ Response ပြန်လုပ်ရတဲ့ ပမာဏဟာလည်း အဆပေါင်းများစွာ ပိုမိုများပြားမှာပါ။ ကဲဒီလောက်ဆိုရင်တော့ DoS Attack နဲ့ DDoS Attack တို့ အကြောင်းကို တော်တော်လေး သဘောပေါက်လောက်ပြီ ထင်ပါတယ်။