IP Address
IP Address ဆိုတာကတော့ Networking သမားတွေအတွက် သိထားပြီးသား စကားလုံးဖြစ်ပါတယ်။ ဒါပေမယ့် သာမန် User များအနေဖြင့်လည်း IP Address ရဲ့ အဓိပ္ပါယ်နှင့် သဘောသဘာဝကို အခြေခံ အကြမ်းမျဉ်းအားဖြင့် သိထားသင့်ပါတယ်။
IP ဆိုတာကတော့ အတိုကောက် စကားလုံးဖြစ်ပါတယ်။ ၎င်းရဲ့ အဓိပ္ပါယ်ကတော့ (Internet Protocol) ဖြစ်ပါတယ်။ အဲဒီ IP Address တွေ ကို ဘယ်မှာအသုံးပြုသလဲဆိုတော့ IP Network အတွင်း ချိတ်ဆက်ရန်အတွက် အသုံးပြုပါတယ်။
တစ်နည်းအားဖြင့် ပြောရင်တော့ IP Address တွေဆိုတာဟာ Conversation တစ်ခုနှင့် ဆင်တူပါတယ်။ Client ကွန်ပျူတာလို့ခေါ်တဲ့ User တစ်ယောက် အသုံးပြုတဲ့ ကွန်ပျူတာမှ Web Server ကို ချိတ်ဆက်ရာမှာ IP Address ဆိုတာ လိုအပ်လာပါတယ်။
IP Address တွေမှာ အမျိုးအစား နှစ်မျိုးရှိပါတယ်။ အဲဒါတွေကတော့ IPv4 နဲ့ IPv6 တို့ ဖြစ်ပါတယ်။ IPv4 ဆိုတာကတော့ 32-bit Number စနစ်ကို အသုံးပြုထားတဲ့ IP Address တစ်ခု ဖြစ်ပါတယ်။ IPv6 ကတော့ 128-Bits Number စနစ်နဲ့ အသုံးပြုထားတဲ့ IP Address တစ်ခု ဖြစ်ပါတယ်။
IPv6 ကို လွန်ခဲ့တဲ့ 1990 နောက်ပိုင်း အင်တာနက် အသုံးပြုမှု များပြားလာတဲ့အချိန်မှာ စတင်ပြီး တီထွင်ခဲ့ပါတယ်။ အင်တာနက် အသုံးပြုသူဦးရေ များလာသ၍ IP Address တွေဟာ များပြားလာပါတယ်။ ဒီတော့ IPv4 နဲ့ မလုံလောက်တဲ့အခါမျိုးမှာ IPv6 ကို ပြောင်းလဲ အသုံးပြုလာကြပါတယ်။
IPv4 Address တစ်ခုမှာ နံပါတ်စဉ်လေးခု ပါဝင်ပါတယ်။ တစ်ခုစီအလိုက်မှာလည်း ကိန်းဂဏန်းအတွဲလေးများဖြင့် တည်ဆောက်ထားပါတယ်။ ဒီလို ကိန်းဂဏန်းအတွဲလေးတွေနဲ့ တည်ဆောက်ထားတဲ့ Structure ကိုတော့ Dot-Decimal Notation လို့ ခေါ်ဆိုပါတယ်။
ဥပမာ Google.com ဆိုပါစို့ ဒါဆိုရင် သူ့အတွက် သီးသန့် IP Address တစ်ခု လိုအပ်လာပါပြီ။ အဲဒီတော့ Google အတွက် IPv4 Address တစ်ခုဖြစ်တဲ့ 74.125.225.114 ဆိုပြီး IP Address တစ်ခုကို တည်ဆောက်ထားရပါတယ်။
နောက်ထပ် ဥပမာအနေဖြင့် ပြောရမယ်ဆိုရင်တော့ အင်တာနက်မှာ အသုံးပြုထားတဲ့ ၀ဘ်ဆိုက်လိပ်စာများ (Domain Name) တစ်ခုစီမှာ သီးသန့် IP Address တစ်ခုစီရှိနေရမှာ ဖြစ်ပါတယ်။ IPv4 Address တစ်ခုရဲ့ Group တစ်ခုစီမှာဆိုရင်တော့ 8-bit Number များပါဝင်ပါတယ်။
Group တစ်ခုစီ အသုံးပြုနိုင်တဲ့ Range ကတော့ (0 မှ 255) အထိ ဖြစ်ပါတယ်။ ဥပမာ (256 x 256 x 256 x 256 ) ဆိုပြီး အသုံးပြုနိုင်ပါတယ်။ ဒီတော့ IPv4 Address ပေါင်း 4 ဘီလီယံကျော် ရရှိစေနိုင်ပါတယ်။
IPv6 Address ကတော့ Sequence အနေဖြင့် 8 Group of Number စနစ်ဖြစ်တာကြောင့် နံပါတ် အုပ်စုပေါင်း ၈ တွဲ ရှိပါတယ်။ ဒီလိုမျိုး Group တစ်ခုစီမှာလည်း 16-Bit Number တစ်တွဲစီ ရှိပါတယ်။
နောက်ထပ် အားသာချက်တစ်ရပ်ကတော့ Group တစ်ခုစီရဲ့ Range ဟာ (0 မှ FFFF (hex) အထိ အသုံးပြုနိုင်ပါတယ်။ Hex Number များကတော့ IPv6 Address များရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။ ဥပမာ IPv6 Address တစ်ခုရဲ့ အမည်ဟာ 2002:0715:44D5:C4AE:2910:0AE7:D29F:948D ကဲ့သို့ ဖြစ်ပါတယ်။